ကိုယ်ဝန်ဆောင်မိခင်တွေ ကဖင်းရှောင်သင့်တဲ့ အကြောင်းအရင်း
ကိုယ်ဝန်ဆောင်မိခင်ဆိုတာက အတော်လေး တာဝန်ကြီးတဲ့ ဂုဏ်ပုဒ် တစ်ခုပါ။ ကိုယ်ဝန်ဆောင်ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ကိုယ်တိုင်ကျန်းမာစေဖို့ အတွက်ရော ဗိုက်ထဲက ရင်သွေးလေး ကျန်းမာစေဖို့ပါ စောင့်ရှောက်ရပါတယ်။ ဒီလို စောင့်ရှောက်မှုမှာ အနေအထိုင် အစားအသောက် အားလုံးကို ဂရုစိုက်ရတာပါ။
ဘယ်လောက် ကြိုက်ကြိုက် အချို့သော အစားအစာတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ကိုရှောင်ရတာပါ။ အခုပြောချင်တာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ရင်သွေးလေးပါ ကျန်းမာစေဖို့အတွက် ကဖင်းရှောင်ဖို့ပါ။
ဘာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းရှောင်ဖို့ လိုတာလဲဆိုတာကိုတော့ စာလေးထဲမှာ ကိုယ်တိုင်ဖတ်ကြည့်လိုက်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းဘာကြောင့် ရှောင်သင့်သလဲ?
ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာတဲ့ ရင်သွေးလေးကို မွေးဖွားနိုင်စေဖို့ရော မိခင်ကျန်းမာရေး ထိခိုက်မှု ကင်းစေဖို့ပါ ကဖင်းကို ရှောင်ဖို့ လိုပါမယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းတွေ အများကြီး သောက်တာ ဒါမှမဟုတ် စားတာက ကိုယ်ဝန်ပျက်ကျနိုင်ခြေကို များစေသလို ပေါင်မပြည့်တဲ့ ရင်သွေးလေး မွေးဖွားနိုင်ခြေကိုလည်း များစေပါတယ်။
ကဖင်းဆိုတာက အမျိုးမျိုးသော စားစရာ သောက်စရာတွေထဲမှာ တွေ့ရတတ်ပြီး အာရုံကြောစနစ်ကို လှုံ့ဆော်ပေးတာကြောင့် အိပ်မပျော်တာ၊ အတက်ကြွလွန်တာ၊ စိတ်ရှုပ်ထွေးစေတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နေတာနဲ့ ကဖင်းကို လုံးဝ ရှောင်ရမှာလားဆိုတော့ ဒီလို တထစ်ချ ဆိုလိုချင်တာတော့ မဟုတ်ပါဘူး။ ရှောင်င်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ မရှောင်နိုင်ဘူးဆိုရင်လည်း တစ်နေ့ကို ၂၀၀ မီလီဂရမ်လောက် သောက်သုံးတာက ကိုယ်ဝန်ဆောင်မိခင် အတွက်ရော နို့တိုက်မိခင်အတွက်ပါ ဘေးကင်းစိတ်ချရတဲ့ ပမာဏ တစ်ရပ်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီ၊ လက်ဖက်ရည်တို့ကို သောက်လို့ ရတယ်ဆိုပေမယ့် ကဖင်းပါတဲ့ အချိုရည်တွေနဲ့ စွမ်းအားဖြည့် အချိုရည်တွေကိုတော့ လုံးဝ မသောက်သင့်ပါဘူး။ ဒါတွေက ကဖင်း ပါဝင်မှု များသလို သကြားဓာတ် ပါဝင်မှုလည်း များတာကြောင့် မိခင်မှာ ကိုယ်ဝန်ဆောင် ဆီးချို နဲ့ ကိုယ်ဝန်ဆောင် ရေဓာတ်ဆုံးရှုံးတာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
နောက်တစ်ချက်က ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းပါတဲ့ သောက်စရာ စားစရာတွေကို စားတာက ကိုယ်ဝန်ဆောင်မိခင်ကို သွေးတိုးစေနိုင်တာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် သွေးတိုးတာကို ကာကွယ်ချင်တယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းပါတာတွေကို ရှောင်ဖို့ လိုပါမယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းပါတဲ့ စားစရာ သောက်စရာတွေကို စားတာ သောက်တာက ကိုယ်ဝန်ဆောင်မိခင်မှာ ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းစားသုံးတာက ဆီးရွှင်စေပြီး ရေကို လုံလောက်အောင် ပြန်မသောက်မိဘူးဆိုရင် ကိုယ်တွင်းမှာ ရေဓာတ်နည်းတာကို ခံစားရနိုင်ပါတယ်။
နောက်တစ်ချက်က အချင်းကနေတဆင့် ကဖင်းတွေက ကလေးဆီကို ရောက်ရှိသွားတဲ့အခါ ကလေးက ကဖင်းကို ချေဖျက်နိုင်တဲ့ အင်ဇိုင်းတွေ မရှိတာကြောင့် ကလေးရဲ့ အိပ်စက်မှုကို ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ တကယ်ကတော့ ကဖင်းတွေက မိခင်ရော ရင်သွေးကိုပါ ထိခိုက်စေတာပါ။
မွေးခါနီးလေလေ ကဖင်းကို ရှောင်ဖို့ ပိုလိုအပ်လေလေပါ။ လေ့လာမှုတွေအရ သိရတာက ကဖင်းက မွေးရာပါ ချို့ယွင်းမှုကို ဖြစ်စေနိုင်သလို လမစေ့ဘဲ မွေးဖွားတာ၊ ပေါင်မပြည့်ဘဲ မွေးဖွားတာ၊ အခြားသော မီးဖွားမှုဆိုင်ရာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းပါတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပါ။ မရှောင်နိုင်ဘူးဆိုရင်လည်း အလွန်အကျွံ စားတာမျိုး မလုပ်ပါနဲ့။
နောက်ဆုံး တစ်ချက် သတိပေးချင်တာက ကဖင်းက မျိုးအောင်နိုင်စွမ်းကိုပါ ထိခိုက်စေနိုင်တာကြောင့် ရင်သွေးလေးယူဖို့ ဆန္ဒရှိတဲ့ မိခင်ဖခင်တွေအနေနဲ့လည်း အလွန်အကျွံ စားတာမျိုး မလုပ်မိဖို့ပါ။
မွန်မွန်